ပို့ကုန်လုပ်ငန်းရှင်များ၏ နိုင်ငံခြားငွေဘဏ်စာရင်းတွင် ထားရှိခွင့်ရက်ကို ယခင် ၃၀ ရက်အစား ၄၅ ရက်အထိ တိုးမြှင့်
- မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပို့ကုန်တင်ပို့သူများ ပြည်ပမှရရှိသည့် ပို့ကုန်ရငွေအနက် ကိုယ်တိုင်သုံးစွဲနိုင်မည့်ပမာဏကို ပို့ကုန်လုပ်ငန်းရှင်၏ နိုင်ငံခြားငွေဘဏ်စာရင်းတွင် ထားရှိခွင့်ရက်ကို ယခင် ၃၀ ရက်အစား ၄၅ ရက်အထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း နိုဝင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
- ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် သွင်းကုန်လိုင်စင်လျှောက်ထားခြင်းနှင့် ပြည်ပသို့ ငွေပေးချေမှုများကို ဆောင်ရွက်ရာတွင် လုံလောက်သည့်အချိန်ရရှိစေရန်၊ နိုင်ငံခြားငွေလုပ်ငန်းလည်ပတ်မှု အဆင်ပြေချောမွေ့စေရန်နှင့် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ တိုးမြှင့်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
နေပြည်တော်၊ နိုဝင်ဘာ ၉၊ ၂၀၂၆။ — ပို့ကုန်တင်ပို့သူများ ပြည်ပမှ ပို့ကုန်ရငွေအနက် ကိုယ်တိုင်သုံးစွဲနိုင်မည့်ပမာဏကို ပို့ကုန်လုပ်ငန်းရှင်၏ နိုင်ငံခြားငွေဘဏ်စာရင်းတွင် ထားရှိခွင့်ရက် ၃၀ အစား ၄၅ ရက်အထိ တိုးမြှင့်သတ်မှတ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။
ပို့ကုန်တင်ပို့သူများသည် ပို့ကုန်တင်ပို့ပြီးနောက် သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေများအား နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားငွေဖြင့် ယင်းတို့၏ ဘဏ်ငွေစာရင်းသို့ ဝင်ရောက်ရမည်ဖြစ်ကြောင်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၈ - ခ တွင် ပြဋ္ဌာန်းထားကြောင်း သိရသည်။ ထို့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၀၂၂ ခုနှစ် သြဂုတ် ၁၆ ရက် ရက်စွဲပါစာအမှတ်၊ အက်ဖ်အီး-၁/ ပက/၁၉၅၆ ဖြင့် ပို့ကုန်ရငွေအား ပုဂ္ဂလိကနိုင်ငံခြားငွေစာရင်းတွင် ရက် ၃၀ ထားရှိခွင့်ကို သတ်မှတ်ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
ယင်းသို့ ရည်ရွယ်ချက်များဖြင့် ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်ရငွေအနက်မှ ကိုယ်တိုင်သုံးစွဲနိုင်မည့်ပမာဏကို ပို့ကုန်လုပ်ငန်းရှင်၏ နိုင်ငံခြားငွေဘဏ်စာရင်းတွင် ထားရှိနိုင်သည့်ရက် ၃၀ အစား ၄၅ ရက်အထိ တိုးမြှင့်ခြင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထားပြီးဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။