အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားကို ဆွေးနွေးပွဲများ၌ အသာစီးရယူနိုင်မည့် လက်နက်တစ်ခုအဖြစ် အသုံးချလျက်ရှိ
- ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း တိုက်ခိုက်မှုများကြောင့် သင်္ဘောသားများ၏ အသက်အန္တရာယ် စိုးရိမ်ရပြီး စွမ်းအင်သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များ မြင့်တက်နေရာ အီရန်နိုင်ငံက ယင်းရေလက်ကြားကို ဆွေးနွေးပွဲများ၌ အသာစီးရယူနိုင်မည့် လက်နက်တစ်ခုအဖြစ် ဆက်လက်အသုံးချလျက်ရှိသည်။
- အရှေ့အလယ်ပိုင်းဒေသ၏ ရေနံစိမ်းတင်ပို့မှုမှာ စစ်မဖြစ်မီ ပမာဏသို့ ပြန်လည်ရောက်ရှိလာသော်လည်း သန့်စင်ပြီး ရေနံထွက်ပစ္စည်း တင်ပို့မှုမှာ ထက်ဝက်ခန့် ကျဆင်းသွားပြီး၊ အရှေ့အလယ်ပိုင်းမှ အရှေ့အာရှသို့ ရေနံတင်သင်္ဘော သယ်ယူပို့ဆောင်ခမှာ တစ်စည်လျှင် ၃ ဒသမ ၁၈ ဒေါ်လာမှ ၃၇ ဒသမ ၁၃ ဒေါ်လာအထိ (၁၂ ဆခန့်) အဆမတန် မြင့်တက်သွားခဲ့သည်။
ရုပ်သံသတင်း (Video News)
အီရန်စစ်ပွဲ စတင်ဖြစ်ပွားချိန်မှစ၍ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်းရှိ ကုန်သွယ်ရေးသင်္ဘောများအပေါ် တိုက်ခိုက်မှုများကြောင့် သင်္ဘောသားများမှာ သေဆုံးနိုင်သည့် အန္တရာယ်၊ ထိခိုက်ဒဏ်ရာရမည့် အန္တရာယ်များနှင့် ရင်ဆိုင်နေရပြီး သင်္ဘောကုမ္ပဏီများအနေဖြင့်လည်း အဆိုပါရေလက်ကြားကို စွန့်စားဖြတ်သန်းမည်လော သို့မဟုတ် ကုန်ပစ္စည်းတင်ပို့မှုကို ရွှေ့ဆိုင်းပြီး ပိုမိုမြင့်မားသည့် ကုန်ကျစရိတ်များကို ရင်ဆိုင်မည်လော ဆိုသည်ကို ရွေးချယ်နေကြရသည်။
အန္တရာယ်များ ရှိနေသော်လည်း ကုန်သွယ်ရေးသင်္ဘောများသည် အဆိုပါရေလက်ကြားကို ဆက်လက်အသုံးပြုနေကြဆဲဖြစ်ရာ မည်မျှကြာအောင် ဆက်လက်သွားလာနိုင်မည် ဆိုသည်မှာ အီရန်၏ တိုက်ခိုက်မှုများကို ဆက်လက်ထိန်းထားနိုင်စွမ်းနှင့် အမေရိကန်ပြည်ထောင်စု၏ ရေကြောင်းသယ်ယူပို့ဆောင်ရေးကို အကာအကွယ်ပေးနိုင်စွမ်း၊ ကုန်ကျစရိတ်ခံနိုင်စွမ်းတို့အပေါ် တစ်စိတ်တစ်ပိုင်း မူတည်နေပါသည်။
ပြင်သစ်အခြေစိုက် အီရန်ရေးရာ ကျွမ်းကျင်သူ Ali Mohammadi က အီရန်နိုင်ငံ၏ ပထဝီဝင်အနေအထားနှင့် အသုံးပြုသည့် စစ်လက်နက်ပစ္စည်းများအရ သင်္ဘောများကို ဆက်လက်တိုက်ခိုက်နိုင်စွမ်း ရှိသည်ဟု ယုံကြည်ထားသည်။ သို့သော် စစ်ပွဲကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးဝန်ထုပ်ဝန်ပိုးသည် တီဟီရန်အစိုးရအတွက် အဓိက အကန့်အသတ်ဖြစ်ကြောင်း သူက ရှုမြင်သည်။
အီရန်နိုင်ငံ၏ လက်နက်သိုလှောင်ထားရှိမှု ပမာဏနှင့် လက်နက်ခဲယမ်းများ ပြန်လည်ဖြည့်တင်းနိုင်စွမ်းတို့နှင့် ပတ်သက်၍ ခိုင်လုံသော အချက်အလက်များ မရှိသဖြင့် အီရန်က တိုက်ခိုက်မှုများကို မည်မျှကြာအောင် ဆက်လက်လုပ်ဆောင်နိုင်မည်ကို ရှင်းလင်းစွာ မသိရှိရပေ။ ထို့ပြင် အဆိုပါ အချက်အချာကျသော ရေလမ်းကြောင်းတွင် ရံဖန်ရံခါ တိုက်ခိုက်မှုများ ပြုလုပ်ခြင်းသည် ရေလက်ကြားတစ်ခုလုံးကို အပြီးအပိုင် ပိတ်ဆို့လိုက်ခြင်းနှင့်လည်း မတူညီပေ။
"ဟော်မုဇ်ရေလက်ကြားကို အပြီးအပိုင် ပိတ်ဆို့ဖို့ ဖြစ်နိုင်တယ်ဆိုရင်တောင်မှ အဲဒီလိုလုပ်တာဟာ အီရန်အတွက် နိုင်ငံရေးအရ ပေးဆပ်ရမှု အလွန်မြင့်မားနိုင်တဲ့အတွက် ရေရှည်ထိန်းထားနိုင်မှာ မဟုတ်ပါဘူး။ အီရန်အနေနဲ့ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေ ဒီရေလက်ကြားကို အသုံးပြုနေမှုကို အကန့်အသတ်မရှိ အနှောင့်အယှက်ပေးနေလို့ မရပါဘူး" ဟု Mohammadi က DW သို့ ပြောကြားခဲ့သည်။
ရေကြောင်းသယ်ယူပို့ဆောင်ရေးကို ခြိမ်းခြောက်ခြင်းဖြင့် အီရန်သည် ထိပ်တိုက်ရင်ဆိုင်မှု၏ ကုန်ကျစရိတ်ကို မြင့်တက်စေပြီး ဆွေးနွေးပွဲများတွင် အသာစီးရယူရန် (leverage) ကြိုးပမ်းနိုင်သော်လည်း၊ ယင်းလုပ်ရပ်က အောင်မြင်မှုရရှိမည်ဟု သို့မဟုတ် လိုက်လျောမှုများ ရရှိလာမည်ဟု အာမခံနိုင်မည်မဟုတ်ကြောင်း အဆိုပါ ကျွမ်းကျင်သူက ပြောကြားခဲ့သည်။
သင်္ဘောဖြတ်သန်းမှု ပိုများလာသော်လည်း စစ်မဖြစ်မီကထက် သိသာစွာ လျော့နည်းနေဆဲဖြစ်ခြင်း
နိုဝင်ဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့သော ဗြိတိန် ရေကြောင်းကုန်သွယ်မှု စစ်ဆင်ရေးစင်တာ (UKMTO) ၏ အပတ်စဉ် အစီရင်ခံစာပါ အချက်အလက်များအရ အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၄ ရက်အတွင်း ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာခဲ့သည့် သင်္ဘောအရေအတွက် ၃၂၅ စင်း ရှိခဲ့သည်။ ယင်းပမာဏသည် ယခင်သီတင်းပတ်က ၂၇၇ စင်း ရှိခဲ့ရာမှ ၁၇ ရာခိုင်နှုန်းခန့် မြင့်တက်လာခြင်း ဖြစ်သည်။ သို့သော်လည်း အဆိုပါပမာဏမှာ စစ်မဖြစ်မီက အခြေအနေထက် ၆၅ ရာခိုင်နှုန်းခန့် လျော့နည်းနေဆဲဖြစ်ကြောင်း UKMTO က သုံးသပ်ထားသည်။
သို့ရာတွင် ကုန်စည်ပမာဏနှင့် အသုံးပြုသည့် ရေကြောင်းလမ်းကြောင်းများသည်လည်း အရေးပါသဖြင့် သင်္ဘောအရေအတွက် တစ်ခုတည်းဖြင့် စွမ်းအင်ထောက်ပံ့ရေးကဏ္ဍတွင် ဖြစ်ပျက်နေသည့် အခြေအနေများကို မရှင်းပြနိုင်ကြောင်း အီရန်စွမ်းအင်နှင့် မက်ခရိုစီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူ Dalga Khatinoglu က ပြောကြားခဲ့သည်။
"ရေနံစိမ်းတစ်ခုတည်းကိုပဲ ကြည့်မယ်ဆိုရင် အိုမန်ပင်လယ်ကွေ့နဲ့ ဟော်မုဇ်ရေလက်ကြားကနေ ပင်လယ်နီအထိ လမ်းကြောင်းအားလုံးကနေ တင်ပို့နေတဲ့ အရှေ့အလယ်ပိုင်းဒေသရဲ့ ပို့ကုန်ပမာဏဟာ စစ်မဖြစ်ခင်က အဆင့်ကို အများအားဖြင့် ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပါတယ်။ စက်တင်ဘာနဲ့ အောက်တိုဘာလအတွင်းက အချို့သီတင်းပတ်တွေမှာဆိုရင် အဲဒီအဆင့်ထက်တောင် ကျော်လွန်ခဲ့ပါသေးတယ်" ဟု သူက DW သို့ ပြောကြားခဲ့သည်။ သူ၏ သုံးသပ်ချက်မှာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသည့် တင်ပို့မှုတစ်ခုတည်းသာမက ဒေသတွင်း လမ်းကြောင်းအားလုံးမှ စုစုပေါင်း ရေနံစိမ်းတင်ပို့မှုကို ဆိုလိုခြင်းဖြစ်သည်။
သန့်စင်ပြီး ရေနံထွက်ပစ္စည်းများ (refined petroleum products) ၏ အခြေအနေမှာမူ ကွဲပြားခြားနားကြောင်း Khatinoglu က ဆိုသည်။ "စစ်မဖြစ်ခင်က အရှေ့အလယ်ပိုင်းဒေသဟာ တစ်နေ့ကို ရေနံထွက်ပစ္စည်း စည်ပေါင်း ၆ ဒသမ ၂ သန်းခန့် တင်ပို့ခဲ့ပါတယ်။ အခုအခါမှာတော့ အဲဒီပမာဏဟာ ထက်ဝက်နီးပါး ကျဆင်းသွားခဲ့ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
သဘာဝဓာတ်ငွေ့ရည် (LNG) တင်ပို့မှုမှာလည်း ထိခိုက်ခဲ့ရသည်။ "စက်တင်ဘာလအထိ အချက်အလက်များအရ ကာတာနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့ရဲ့ တင်ပို့မှုဟာ စစ်မဖြစ်ခင်က အဆင့်ထက် ၁၀ ရာခိုင်နှုန်းခန့် လျော့နည်းနေခဲ့ပါတယ်။ အနည်းငယ် ပြန်လည်ကောင်းမွန်လာတာ ရှိပေမဲ့ ပြင်းထန်စွာ အနှောင့်အယှက် ဖြစ်နေဆဲပါပဲ" ဟု အဆိုပါ ကျွမ်းကျင်သူက အလေးပေးပြောကြားခဲ့သည်။
ဖြတ်သန်းသယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များ အဆမတန် မြင့်တက်လာခြင်း
စွမ်းအင်ပို့ကုန်များ ပြန်လည်ဦးမော့လာသော်လည်း လက်ရှိဖြစ်ပေါ်နေသော မလုံခြုံမှုများနှင့် ဆက်စပ်နေသည့် ကုန်ကျစရိတ်များမှာမူ ပျောက်ကွယ်သွားခြင်း မရှိသေးကြောင်း Khatinoglu က ပြောကြားခဲ့သည်။ "အရှေ့အလယ်ပိုင်း နိုင်ငံတွေက ရေနံတင်ပို့မှုဟာ စစ်မဖြစ်ခင်က အဆင့်နီးပါးကို ပြန်ရောက်လာပေမဲ့ သင်္ဘောတင်ပို့ခနဲ့ အာမခံကုန်ကျစရိတ်တွေကတော့ အလွန်မြင့်မားနေဆဲ ဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။
ရေနံတင်ပို့သည့် နိုင်ငံများအဖွဲ့ (OPEC) ၏ မကြာသေးမီက ကိန်းဂဏန်းများကို ကိုးကား၍ ၎င်းက ပြောကြားရာတွင် အရှေ့အလယ်ပိုင်းမှ အရှေ့အာရှသို့ ရေနံစိမ်းသယ်ဆောင်သည့် ရေနံတင်သင်္ဘောကြီးတစ်စင်း၏ ပျမ်းမျှ သယ်ယူပို့ဆောင်ခနှုန်းထားမှာ ယခုနှစ်အစပိုင်းတွင် ရေနံတစ်စည်လျှင် ၃ ဒသမ ၁၈ ဒေါ်လာ (၂ ဒသမ ၈၄ ယူရို) သာ ရှိခဲ့ရာမှ အောက်တိုဘာလကုန်တွင် တစ်စည်လျှင် ၃၇ ဒသမ ၁၃ ဒေါ်လာအထိ (၁၂ ဆခန့်) မြင့်တက်သွားခဲ့ကြောင်း သိရသည်။ ယင်းမှာ ရေနံစိမ်း ဝယ်ယူရရှိနိုင်သည့်တိုင်အောင် အာရှရှိ ရေနံတင်သွင်းသူများအနေဖြင့် မြင့်မားသော ကုန်ကျစရိတ်များကို ရင်ဆိုင်နေရခြင်းပင် ဖြစ်သည်။
ကုန်ကျစရိတ်များကို လျှော့ချရန်နှင့် ရေလက်ကြား၏ ဘေးကင်းလုံခြုံမှုအပေါ် စီးပွားရေးလုပ်ငန်းများ၏ ယုံကြည်မှု ပြန်လည်ရရှိစေရန်မှာ အမေရိကန်စစ်တပ် တပ်စွဲထားရှိရုံထက်မက ပိုမိုလိုအပ်ကြောင်း Mohammadi က ပြောကြားခဲ့သည်။
Khatinoglu ကလည်း အလားတူ အမြင်မျိုး ရှိနေပြီး "ဟော်မုဇ်ရေလက်ကြားထဲက သင်္ဘောတွေအတွက် အမေရိကန်ရဲ့ အကာအကွယ်ပေးမှု တစ်ခုတည်းကိုပဲ အားကိုးပြီးတော့ ရေနံဈေးနှုန်းတွေ စစ်မဖြစ်ခင်က အဆင့်ကို ပြန်ရောက်လာလိမ့်မယ်လို့ မျှော်လင့်လို့ မရနိုင်ပါဘူး" ဟု ပြောကြားခဲ့သည်။