ဒေါ်လာ သန်း ၄၂၀ အကုန်အကျခံ ရိုက်ကူးထားသည့် 'Ramayana: Rise Of A Legend' ရုပ်ရှင်ကားကြီးကို ကမ္ဘာတစ်ဝန်း၌ စတင်ပြသ

  • ဘောလိဝုဒ် စူပါစတားများဖြစ်ကြသည့် Ranbir Kapoor နှင့် Yash တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး အမေရိကန်ဒေါ်လာ သန်း ၄၂၀ အကုန်အကျခံ ရိုက်ကူးထားသည့် ရှေးဟောင်းဟိန္ဒူမဟာကဗျာအခြေခံ 'Ramayana: Rise Of A Legend' ရုပ်ရှင်ကားကြီးကို ကမ္ဘာတစ်ဝန်း၌ စတင်ရုံတင်ပြသနေပြီ ဖြစ်သည်။
  • အိန္ဒိယရိုးရာ ဇာတ်လမ်းတင်ဆက်မှုပုံစံနှင့် ဟောလိဝုဒ်၏ အော်စကာဆုရှင် အထူးပြုလုပ်ချက် (VFX) ပညာရှင်များ၊ ကမ္ဘာကျော် တေးရေးပညာရှင် Hans Zimmer နှင့် AR Rahman တို့၏ လက်ရာများကို ပေါင်းစပ်ထားသည့် အဆိုပါရုပ်ရှင်သည် အိန္ဒိယရုပ်ရှင်သမိုင်းတစ်လျှောက် အကြီးမားဆုံး ထုတ်လုပ်မှုဖြစ်ကြောင်း ဖန်တီးသူများက ပြောကြားသည်။
Ancient Hindu epic blockbuster Ramayana: Rise of a Legend
ရှေးဟောင်းဟိန္ဒူမဟာကဗျာကို အခြေခံရိုက်ကူးထားသည့် Ramayana: Rise of a Legend ရုပ်ရှင်ကားကြီး၏ မြင်ကွင်းတစ်ခု (ဓာတ်ပုံ - Screen capture / AFP / CNA)

ရှေးဟောင်းဟိန္ဒူမဟာကဗျာကြီးဖြစ်သော ရာမာယဏ (Ramayana) ကို အခြေခံရိုက်ကူးထားသည့် အိန္ဒိယရုပ်ရှင်ကားကြီး၏ ဖန်တီးသူများက ယခုရုပ်ရှင်သစ်သည် ပြည်တွင်းအနုပညာရှင်များနှင့် ဟောလိဝုဒ်ပညာရှင်များ၏ မကြုံစဖူး ပေါင်းစပ်မှုဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ ပထမဆုံးသော စစ်မှန်သည့် ကမ္ဘာလုံးဆိုင်ရာ ရုပ်ရှင်ဖြန့်ချိမှုဖြစ်ကြောင်း ချီးကျူးပြောကြားလိုက်သည်။

ကြာသပတေးနေ့ (နိုဝင်ဘာ ၅ ရက်) မှစတင်၍ ကမ္ဘာတစ်ဝန်းရှိ ရုပ်ရှင်ရုံများတွင် ရုံတင်ပြသနေသည့် 'Ramayana: Rise Of A Legend' ရုပ်ရှင်ကားကြီးသည် ရိုက်ကူးထုတ်လုပ်ချိန် ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ခဲ့ပြီး စုစုပေါင်း ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ သန်း ၄၂၀ (စင်ကာပူဒေါ်လာ ၅၃၇ သန်း) အထိ ရှိကြောင်း သိရသည်။ အဆိုပါရုပ်ရှင်တွင် အိန္ဒိယရုပ်ရှင်လောက၏ အကျော်ကြားဆုံး သရုပ်ဆောင်များ ပါဝင်ထားသည့်အပြင် အထူးပြုလုပ်ချက် (visual effects) နှင့် ဂီတပိုင်းဆိုင်ရာ အော်စကာဆုရှင် ပညာရှင်များ၏ အရည်အချင်းများကိုပါ ရယူအသုံးပြုထားသည်။

ဘောလိဝုဒ် စူပါစတား Ranbir Kapoor က ရုပ်ရှင်မဖြန့်ချိမီ လန်ဒန်မြို့၌ AFP သတင်းဌာနသို့ ပြောကြားရာတွင် "ဒီပရောဂျက်မှာ ပါဝင်လုပ်ကိုင်ဖို့ ကမ္ဘာတစ်ဝန်းက ပညာရှင်တွေ လာရောက်ပူးပေါင်းခဲ့ကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အကောင်းဆုံးပုံစံနဲ့ ထုတ်ဖော်ပြသနိုင်ဖို့ တကယ့်ပလက်ဖောင်းကောင်းတစ်ခုကို ရရှိခဲ့ပါတယ်" ဟု ဆိုသည်။

ဟိန္ဒူဘာသာဝင်များအတွက် အခြေခံကျမ်းစာသဖွယ်ဖြစ်သော နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိ သက္ကတဘာသာ မဟာကဗျာကြီးကို မှီငြမ်းထားသည့် ဤရုပ်ရှင်တွင် မင်းသား Kapoor သရုပ်ဆောင်ထားသော တရားဓမ္မစောင့်ထိန်းသည့် ရာမမင်းသား (Rama) က ပြန်ပေးဆွဲခံရသော ကြင်ယာတော် သီတာဒေဝီ (Sita) ကို ပရိသတ်အချစ်တော် မင်းသား Yash သရုပ်ဆောင်သည့် မိစ္ဆာဘီလူးဘုရင် ဒသဂီရိ (Ravana) လက်မှ ကယ်တင်ရန် တိုက်ပွဲဝင်ပုံကို ရိုက်ကူးပုံဖော်ထားသည်။ ပျံသန်းနေသော ဆင်ကြီးများနှင့် ဧရာမဘီလူးကြီးများ ပါဝင်သည့် ယခုနောက်ဆုံးထွက် ရုပ်ရှင်ဗားရှင်းတွင် ရုပ်ရှင်လောက၌ VFX ဟု လူသိများသော ကွန်ပျူတာအထူးပြုလုပ်ချက်များ အပြည့်အဝ ပါဝင်သည်။

ဤရုပ်ရှင်ကို ဦးဆောင်ဖန်တီးသူမှာ ထုတ်လုပ်သူ Namit Malhotra ဖြစ်ပြီး ဗြိတိန်အခြေစိုက် ၎င်း၏ အထူးပြုလုပ်ချက်ကုမ္ပဏီ DNEG သည် Inception နှင့် Dune အပါအဝင် ရုပ်ရှင်ကားကြီးများဖြင့် အော်စကာဆု (Academy Awards) ရှစ်ဆုအထိ ဆွတ်ခူးထားသည့် ကုမ္ပဏီဖြစ်သည်။ ဟိန္ဒီနှင့် အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်လုပ်ထားသော အဆိုပါရုပ်ရှင်၏ နောက်ခံတေးဂီတကို အော်စကာဆုရှင် တေးရေးပညာရှင်များဖြစ်ကြသည့် Hans Zimmer နှင့် AR Rahman တို့က ဖန်တီးပေးထားပြီး အက်ရှင်ဒါရိုက်တာများနှင့် ဆက်တင်ဒီဇိုင်နာများမှာလည်း ဟောလိဝုဒ်အတွေ့အကြုံ အမြောက်အမြားရှိသူများ ဖြစ်ကြသည်။ အပိုင်းနှစ်ပိုင်းခွဲ၍ ပြသရန် စီစဉ်ထားသည့် ဤရုပ်ရှင်သည် အဓိကရုပ်ရှင်ဆုကြီးများတွင် အော်စကာဆု မရရှိသေးသည့် အိန္ဒိယရုပ်ရှင်လောကအတွက် ကမ္ဘာ့အဆင့်သို့ ထိုးဖောက်နိုင်မည့် အချိုးအကွေ့တစ်ခု ဖြစ်လာမည်ဟု ဖန်တီးသူများက ယုံကြည်နေကြသည်။

စစ်မှန်သော အိန္ဒိယဟန်ပန် (Authentically Indian)

"ဒါဟာ အိန္ဒိယရုပ်ရှင်သမိုင်းတစ်လျှောက် အကြီးမားဆုံး ထုတ်လုပ်မှုကြီး ဖြစ်ပါတယ်။ ဒီဇာတ်လမ်း၊ အတိုင်းအတာပမာဏနဲ့ ခမ်းနားကြီးကျယ်မှုတွေဟာ ကမ္ဘာကြီးက လက်ခံကြည့်ရှုဖို့ အသင့်ဖြစ်နေပြီလို့ ကျွန်တော် ထင်ပါတယ်။" - Namit Malhotra (ရုပ်ရှင်ထုတ်လုပ်သူ)

ဟိန္ဒီဘာသာစကားပြော ဘောလိဝုဒ်ရုပ်ရှင်များက ကာလရှည်ကြာ လွှမ်းမိုးထားသည့် အိန္ဒိယရုပ်ရှင်လောကသည် တစ်နှစ်လျှင် ရုပ်ရှင်ကားပေါင်း ၂,၀၀၀ ခန့် ထုတ်လုပ်လျက်ရှိပြီး ကမ္ဘာတစ်ဝန်းသို့ ဆွဲဆောင်မှု ပိုမိုချဲ့ထွင်လာနေသည်။ ပြည်ပရောက် အိန္ဒိယနွယ်ဖွား ကွန်ရက်ကြီးမားမှုနှင့် Netflix၊ Amazon Prime Video ကဲ့သို့သော စထရီးမင်းပလက်ဖောင်းများတွင် ဘောလိဝုဒ်ရုပ်ရှင်များကို ပိုမိုကြည့်ရှုလာနိုင်ခြင်းတို့ကလည်း ယင်းတိုးတက်မှုကို အထောက်အကူပြုခဲ့သည်။ အင်္ဂလိပ်ဘာသာဗားရှင်း၊ ဟောလိဝုဒ် အထူးပြုလုပ်ချက်များနှင့် ခမ်းနားသော တိုက်ပွဲဝင်ခန်းများကြောင့် Ramayana ရုပ်ရှင်သည် ရုပ်ရှင်ရူးသွပ်သည့် လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိသော ပြည်တွင်းပရိသတ်သာမက နိုင်ငံတကာပရိသတ်များကိုပါ ပစ်မှတ်ထားကြောင်း သိသာထင်ရှားသည်။

Malhotra ၏ မွန်ဘိုင်းအခြေစိုက် Prime Focus Studios နှင့် မင်းသား Yash ၏ Monster Mind Creations တို့က ပူးပေါင်းထုတ်လုပ်ပြီး Sony Pictures က နိုင်ငံတကာသို့ ဖြန့်ချိသည့် ဤရုပ်ရှင်တွင် ရိုးရာဘောလိဝုဒ်ရုပ်ရှင်များ၏ အမှတ်လက္ခဏာဖြစ်သော အကအခုန်နှင့် သီချင်းခန်းများကို ချန်လှပ်ထားသည်။ သို့သော် ဘောလိဝုဒ်၏ အဓိကအနှစ်သာရများဖြစ်သော စိတ်လှုပ်ရှားဖွယ် ဒရာမာ၊ အချစ်နှင့် အက်ရှင်ဇာတ်ဝင်ခန်းများအပြင် ရင်သပ်ရှုမောဖွယ် ရှုခင်းများနှင့် အင်္ဂလိပ်ဗားရှင်းအတွက် ပြသချိန် သုံးနာရီနီးပါး ကြာမြင့်မှုတို့မှာမူ ဆက်လက်ပါဝင်နေဆဲ ဖြစ်သည်။

Malhotra က "ဒါဟာ အိန္ဒိယရဲ့ မူလဇာတ်လမ်းစစ်စစ်တစ်ခုကို မူရင်းအနှစ်သာရအတိုင်း တင်ဆက်ထားတာဖြစ်ပြီး အဲဒီအပိုင်းမှာ လုံးဝ အလျှော့ပေးထားတာ မရှိပါဘူး။ စစ်မှန်တဲ့ အိန္ဒိယဟန်ပန်အတိုင်း ထိန်းသိမ်းထားပါတယ်" ဟု ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံ၏ ကန်နာဒါ (Kannada) ဘာသာစကားပြော ရုပ်ရှင်လောကတွင် အလွန်လူကြိုက်များပြီး ယခုရုပ်ရှင်တွင် ပူးတွဲထုတ်လုပ်သူနှင့် အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားသူ Yash ကလည်း "အရှေ့တိုင်းနဲ့ အနောက်တိုင်းတို့ စစ်မှန်တဲ့ အဓိပ္ပာယ်နဲ့ ပေါင်းစည်းမိသွားတာ ဖြစ်ပါတယ်" ဟု AFP သို့ ပြောကြားခဲ့ပြီး ယခုရုပ်ရှင်ဖြန့်ချိမှုသည် အိန္ဒိယရုပ်ရှင်လောကအတွက် "အလွန်အရေးပါသော အခိုက်အတန့်တစ်ခု" ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ပုဂ္ဂိုလ်ရေးဆိုင်ရာ စိတ်ခံစားမှု အဆက်အစပ်နှင့် ရိုက်ကူးထုတ်လုပ်မှု

ဤရုပ်ရှင်တွင် တောင်အိန္ဒိယ ရုပ်ရှင်ကြယ်ပွင့် Sai Pallavi သရုပ်ဆောင်ထားသည့် သီတာဒေဝီ (Sita) ဇာတ်ကောင်သည် ရဲရင့်ပြီး တိုက်ပွဲဝင်တတ်သည့် စရိုက်လက္ခဏာရှိသည်။ အိန္ဒိယလူမျိုးအများစုသည် အဆိုပါဇာတ်ကောင်များနှင့် ပုဂ္ဂိုလ်ရေးအရ နက်ရှိုင်းသော စိတ်ခံစားမှု အဆက်အစပ်ရှိကြသဖြင့် ၎င်းတို့၏ ကဏ္ဍအပေါ် တာဝန်ကြီးမားပုံကို သူမနှင့် အခြားသရုပ်ဆောင်များက အလေးပေးပြောကြားခဲ့ကြသည်။ Pallavi က "ပိုပြီးသရုပ်ဆောင်ပြချင်နေတဲ့ စိတ်အစိတ်အပိုင်းတိုင်းကို ချိုးနှိမ်ထားရပြီး ဇာတ်ကောင်ရဲ့ မူလသဘာဝအတိုင်းပဲ ပေါ်လွင်အောင် လုပ်ရတဲ့အတွက် တော်တော်လေး စိန်ခေါ်မှုကြီးမားခဲ့ပါတယ်" ဟု AFP သို့ ပြောကြားခဲ့သည်။

ရုပ်ရှင်ဖန်တီးသူများသည် အဓိကဇာတ်လမ်းနောက်ခံများအတွက် မွန်ဘိုင်းမြို့တွင် ဧရာမဆက်တင်ကြီးတစ်ခုကို တည်ဆောက်ခဲ့ကြပြီး VFX အထူးပြုလုပ်ချက်အဖွဲ့များက မွန်ဘိုင်း၊ လန်ဒန်နှင့် ဗန်ကူးဗားမြို့တို့တွင် ခွဲဝေလုပ်ကိုင်ခဲ့ကြသည်။ ရုပ်ရှင်တစ်ကားလုံးကို ဟိန္ဒီဘာသာစကားဖြင့် ရိုက်ကူးခဲ့ခြင်းဖြစ်သော်လည်း ကမ္ဘာတစ်ဝန်း ဖြန့်ချိရန်အတွက် အင်္ဂလိပ်ဘာသာ ဇာတ်ညွှန်းကိုပါ ရေးသားခဲ့ကြပြီး မူရင်းသရုပ်ဆောင်များ၊ အသံသရုပ်ဆောင်များနှင့် နှုတ်ခမ်းလှုပ်ရှားမှု ကိုက်ညီစေသည့် (lip-syncing) နည်းပညာများကို အသုံးပြုကာ သီးခြား အင်္ဂလိပ်မူရင်းဗားရှင်း (master version) တစ်ခုအဖြစ် ဖန်တီးခဲ့ကြသည်။

ဒါရိုက်တာ Nitesh Tiwari အတွက်မူ ရှေးဟောင်းမဟာကဗျာကြီး၏ အဓိကသတင်းစကားကို ပေါ်လွင်အောင် ရိုက်ကူးပြသနိုင်ရေးမှာ အရေးအကြီးဆုံး ဖြစ်ခဲ့သည်။ သူက "ရာမာယဏက ကိုယ်စားပြုတဲ့ စိတ်ခံစားမှုတွေနဲ့ စံတန်ဖိုးတွေမှာ ခေတ်ကာလမရွေး တည်မြဲနေတဲ့ သဘောသဘာဝတစ်ခု ရှိနေပါတယ်၊ အဲဒီအရာကိုပဲ ကျွန်တော်တို့က ကမ္ဘာကြီးဆီ အတိအကျ ယူဆောင်ပေးချင်ခဲ့တာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

Translate

DW | Deutsche Welle News

Total Pageviews