အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာမစ်ရှင် ထုတ်ပြန်
- အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာမစ်ရှင်ကို ထုတ်ပြန်ခဲ့ပြီး ၂၀၃၀ ပြည့်နှစ်တွင် အမြဲတမ်းငြိမ်းချမ်းရေး သဘောတူညီချက်ရရှိစေမည့် အပစ်အခတ်ရပ်စဲရေးမှတစ်ဆင့် အမေရိကန်ဩဇာ တိုးချဲ့ရန်နှင့် မြေရှားသတ္တုသိုက်များ ထုတ်ယူခွင့်ရရှိရန် ရည်ရွယ်ထားကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
- အဆိုပါမစ်ရှင်တွင် သက်ဆိုင်သူအားလုံးပါဝင်သည့် ဖိုရမ်အနည်းဆုံး သုံးကြိမ်ကျင်းပရေး၊ ကျားဖျန့်စင်တာများ နှိမ်နင်းရေးနှင့် အမေရိကန်ကုမ္ပဏီများအတွက် ဒေါ်လာ ငါးသန်းအထက် တန်ဖိုးရှိသော ကုန်သွယ်ရေး သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုစာချုပ်များ ပေါ်ပေါက်လာရေးတို့ကို ဦးစားပေးဖော်ပြထားသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံအတွက် မစ်ရှင်ကို ထုတ်ပြန်ခဲ့ပြီး ငြိမ်းချမ်းရေးကြိုးပမ်းမှုများမှတစ်ဆင့် မြေရှားသတ္တုထုတ်ယူရန် ရည်ရွယ်သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။ ဝါရှင်တန်က အမေရိကန်ဩဇာကို တိုးချဲ့ရေးနှင့် မြန်မာနိုင်ငံ၏ မြေရှားသတ္တုသိုက်ကို ထုတ်ယူခွင့်ရနိုင်ရေးတို့အတွက် နည်းလမ်းတစ်ရပ်အဖြစ် မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေး သံခင်းတမန်ခင်းကို အသုံးပြုရန် ရည်ရွယ်နေသည်ဟု မကြာသေးမီက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အမေရိကန်တာဝန်ရှိသူများက နေပြည်တော်၌ မြန်မာတာဝန်ရှိသူများနှင့် တိတ်တဆိတ် ဆွေးနွေးခဲ့သည့်အကြောင်းကို လွန်ခဲ့သောလတွင် ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထိပ်တန်းထောက်လှမ်းရေး တာဝန်ရှိသူ မိုက်ကယ်ဗင့် (Michael Vance) ပါဝင်ပတ်သက်နေသော ပြန်လည်ထိတွေ့ဆက်ဆံမှုသည် နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သော အမေရိကန်မူဝါဒမှ ခွဲထွက်ခြင်းကို ပြသလိုက်ခြင်းဖြစ်သည်။ ပဋိပက္ခဖြစ်ပွားနေသော ဒေသများ၌ အဓိကတည်ရှိနေပြီး လတ်တလောတွင် တရုတ်နိုင်ငံသို့ တင်ပို့နေသော မြေရှားသတ္တုများ ထုတ်ယူခြင်းနှင့် သက်ဆိုင်သောကိစ္စများကို နေပြည်တော်၌ ဆွေးနွေးခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံ၌ အမေရိကန်မစ်ရှင်အတွက် ဘက်ပေါင်းစုံပါသော နိုင်ငံအဆင့် မဟာဗျူဟာသည် ထူးထူးခြားခြား ရှင်းရှင်းလင်းလင်းရှိနေသည်။ အမေရိကန်ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ခြေကုပ်ရရှိရေးအတွက် မြန်မာလက်နက်ကိုင်အုပ်စု အများအပြားနှင့် ဆွေးနွေးရာတွင် ပါဝင်မည်ဟု ဝါရှင်တန်က ဖော်ပြထားသည်။ လက်နက်ကိုင်အုပ်စုများထဲတွင် ဒီမိုကရေစီလိုလားသော အုပ်စုများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် တပ်မတော်ကို ဆယ်စုနှစ်ချီ တိုက်ခိုက်နေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပါဝင်သည်။
၂၀၃၀ ငြိမ်းချမ်းရေးလမ်းကြောင်းနှင့် ဘဏ္ဍာရေးဖက်ဒရယ်ဝါဒ
မြန်မာအတွက် အမေရိကန်မစ်ရှင်သည် ၂၀၃၀ ပြည့်နှစ်တွင် အမြဲတမ်းငြိမ်းချမ်းရေး သဘောတူညီချက်အတွက် လမ်းကြောင်းတစ်ခု ပေါ်လာစေမည့် အပစ်အခတ်ရပ်စဲရေးကို ဖော်ဆောင်ရန်ဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ယင်းသို့ ဖော်ဆောင်မည့်အချက်များထဲတွင် အနည်းဆုံး အကျိုးစီးပွား ပတ်သက်ဆက်နွှယ်နေသူများ၏ ဖိုရမ်သုံးကြိမ် ကျင်းပရေးလည်း ပါဝင်ပြီး ယင်းဖိုရမ်များ ကျင်းပခြင်းဖြင့် ခိုင်မာသော သဘောတူညီချက်များ သို့မဟုတ် မြန်မာနိုင်ငံ၌ ဘဏ္ဍာရေးဖက်ဒရယ်ဝါဒ (fiscal federalism) နှင့် ပိုင်နက်နယ်မြေ ပိုင်းခြားသတ်မှတ်ခြင်းတို့ကို ရှေ့တိုးလုပ်ဆောင်နိုင်စေမည့် မူဝါဒ အဆိုပြုချက်များ ပေါ်ထွက်လာမည်ဟု ဆိုသည်။ သို့မှသာ မြန်မာနိုင်ငံ၏ များပြားလှသော မြေရှားအရင်းအမြစ်များကို ထုတ်ယူရန်နှင့် ကျားဖျန့်ကို နှိမ်နင်းရန် အခွင့်အလမ်းများ ပေါ်လာမည်ဟု ဆိုသည်။
မဟာဗျူဟာ ထုတ်ပြန်ချက်၌ အမေရိကန်က ပိတ်ဆို့မှုများကို ဖယ်ရှားပေးမည် သို့မဟုတ် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများကို အတားအဆီးဖြစ်စေသော အခြားလိုက်လျောပေးမည့်ကိစ္စများကို ဖြေရှင်းပေးခြင်း ရှိ/မရှိ ဆိုသည်ကို ဖော်ပြထားခြင်းမရှိပေ။
ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု
မြန်မာနိုင်ငံနှင့်သက်ဆိုင်သော မစ်ရှင်ကို ဩဂုတ် ၃၁ ရက်တွင် အတည်ပြုခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၁၆ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်၌ ထုတ်ပြန်ပေးခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ယင်းမစ်ရှင်သည် မြန်မာနိုင်ငံနှင့် အမေရိကန်၏ ကုန်သွယ်ရေးလိုငွေပြမှုကို လျော့ကျစေရေးအတွက် အမေရိကန်ပို့ကုန်များကို မြှင့်တင်ရန် ဆောင်ရွက်ပေးလိမ့်မည်ဟု ဆိုသည်။ ထို့ကြောင့် အမေရိကန်သံရုံးက အမေရိကန်ကုမ္ပဏီများအတွက် ဒေါ်လာငါးသန်းအထက် တန်ဖိုးရှိသော အနည်းဆုံး ကုန်သွယ်ရေးစာချုပ်သုံးခု သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုစာချုပ်သုံးခု ဖြစ်ပေါ်လာရန် ရည်ရွယ်သည်ဟု ဆိုသည်။
ထို့အပြင် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားသော ကျားဖျန့်စင်တာများကို နှိမ်နင်းရန် ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို ဦးစားပေးရန်၊ မြန်မာနိုင်ငံသားများကို အမေရိကန်မှ ပြန်ပို့ရေးအတွက် အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန် ဦးစားပေးမည်ဟု ဆိုသည်။