မြန်မာ့ကော်ဖီဈေးကွက် နယ်မြေ မတည်ငြိမ်၍ ထုတ်လုပ်မှုလျော့ကျနေသည်ဟု ကော်ဖီလုပ်ငန်းရှင်များ ပြောကြား
- မြန်မာ့ကော်ဖီဈေးကွက်သည် ပြည်တွင်း/ပြည်ပသို့ တင်ပို့ ရောင်းချနိုင်ရေး ဈေးကွက်ရှိနေသော်လည်း နယ်မြေ မတည်ငြိမ်၍ လုံခြုံရေးစိုးရိမ်မှုများကြောင့် ထုတ်လုပ်မှုလျော့ကျနေသည်ဟု ကော်ဖီလုပ်ငန်းရှင်များက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံတွင် နယ်မြေ မတည်ငြိမ်မှုများကြောင့် ကော်ဖီခူးရာတွင်လည်းကောင်း၊ သယ်ဆောင် ရာတွင်လည်းကောင်း အခက်အခဲ ဖြစ်ပေါ်နေပြီး ငွေကြေး ကုန်ကျမှုများလည်း ဖြစ်ပေါ်နေကြောင်း၊ ထို့ပြင် လက်နက်ကိုင်ပဋိပက္ခကြောင့် ကော်ဖီခြံ ပျက်စီးမှုများလည်း ဖြစ်ပေါ်နေကြောင်း သိရသည်။
ကော်ဖီထုတ်လုပ်ရန်အတွက် လိုအပ်သည့် စက်ကိရိယာများကို တင်သွင်းခွင့် မပြုထားခြင်းနှင့် ကော်ဖီ ထုတ်လုပ် စက်ရုံ တည်ဆောက်ရန်အတွက် ခွင့်ပြုပေးခြင်း မရှိသည့်အတွက် ကော်ဖီထုတ်လုပ်မှုနှင့် တင်ပို့မှုသည် လျော့ကျ လာသည်ဟု စီတာကော်ဖီလုပ်ငန်းဥက္ကဋ္ဌ ဦးမင်းလှိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ မိတ်ဆွေခြံဆိုရင် နာမည်တော့ မပြောတော့ဘူး။ တိုက်ပွဲကြောင့် ဧက ၅၀၀ ပျက်သွားတာပေါ့ နော်။ ဧက ၅၀၀ ဆိုတာ နည်းတဲ့ကော်ဖီ ထွက်တာ မဟုတ်ဘူးလေ။ နောက်တစ်ခုက သယ်လို့မရဘူး။ သွားခူးလို့ မရဘူး။ လမ်းမှာ ဂိတ်တွေများတော့ ငွေကြေးတွေ ပေးရတယ်။ မြေဩဇာတွေ၊ သွင်းအားစုတွေ ဈေးကြီးတယ်။ သယ်လို့မရဘူး။ အကုန်လုံး ပါတာပေါ့။ ကျနော်တို့ ကော်ဖီတွေ တိုးထုတ်မယ်။ စက်တွေ တင်သွင်းလို့ မရဘူးလေ။ ကော်ဖီ export ရဲ့ ပိုက်ဆံကို ကျနော်တို့ သုံးလို့မရဘူး။ ၂၀ ရာခိုင်နှုန်း အနည်းဆုံး ပေးသုံးရမှာလေ။ ကျနော်တို့ ကော်ဖီကြိတ်ဖို့ စက်လိုတယ်လေ ကော်ဖီတိုးထွက်ဖို့က။ ကျနော်တို့ ပြည်တွင်းဖြစ် စိန်ပန်းစက်နဲ့ လုပ်လို့မရဘူး လေ။ အဲဒါမျိုးလည်း ခွင့်မပြုဘူး။ ကျနော်တို့ဆိုရင် စက်ရုံ ပိုတည်ချင်တာ။ အသီး ပိုထွက်လာတဲ့အတွက် စက်ရုံ တည်ဖို့အတွက် ကျနော်တို့ ပါမစ်တွေ လျှောက်ထားတာ နှစ်တောင်ပေါက်နေပြီ။ ကျနော်တို့ လူကြီးလည်း ပြောပြီး ပြီ။ ဝန်ကြီးလည်း ပြောပြီးပြီ။ ကျနော်တို့က စက်ဆီနဲ့၊ စားသုံးဆီသမားနဲ့ ဆေးသမားပဲ ဦးစားပေးတော့ ကျနော်တို့ က သူတို့အတွက်ပဲ လုပ်ပေးနေရသလို ဖြစ်နေတယ်။ စက်ဆီလည်း ဈေးမကျ။ စားသုံးဆီလည်း ဈေးမကျ။ ဆေး လည်း ဈေးမကျဘဲနဲ့ နောက်ဆုံးတော့ importer တွေပဲ သူဋ္ဌေးဖြစ်သွားတာပေါ့ အဲဒါကို လူကြီးရှေ့မှာပဲ ကျနော် တို့ ပြောခဲ့တာပေါ့ အဲဒီလို ဖြစ်နေတာပေါ့” ဟု ပြောသည်။
လက်ရှိတွင် မြန်မာ့ကော်ဖီကို တရုတ်နိုင်ငံက ဝယ်ယူလိုသော်လည်း ကော်ဖီထုတ်လုပ်နိုင်မှု လျော့ကျနေခြင်း ကြောင့် တရုတ်နိုင်ငံက ဝယ်ယူသည့် ဈေးနှုန်းဖြင့် ရောင်းချနိုင်ခြင်း မရှိကြောင်း ကော်ဖီလုပ်ငန်းရှင်များက ပြော သည်။
ထို့နောက် ပြီးခဲ့သည့်နှစ်တွင် မြန်မာ့ကော်ဖီ ဈေးကွက်အတွင်းသို့ အွန်လိုင်းငွေကြေးလိမ်လည်မှု ကျားဖြန့်များ ဝင်ရောက်လာပြီး ကော်ဖီကို ဈေးနှုန်းအမြင့်ဖြင့် ဝယ်ယူခဲ့ကြသည့်အတွက် မြန်မာ့ကော်ဖီဈေးကွက်သည် ပျက်သွားပြီး ကမ္ဘာ့ကော်ဖီ ပေါက်ဈေးထက် ပို၍ မြင့်မားနေသည်။
ထို့ကြောင့် တရုတ်ကို တင်ပို့နိုင်ရန်အတွက် အထွက်နှုန်းနှင့် ထုတ်လုပ်မှုကို မြှင့်တင်ပြီး ကမ္ဘာ့ကော်ဖီ ပေါက်ဈေး နှုန်း နည်းတူ ရောင်းနိုင်ရန် လုပ်ဆောင်ဖို့ လိုအပ်သည်ဟု မြန်မာနိုင်ငံကော်ဖီအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နှစ်ချက်ပေါ့ နံပါတ်တစ်က ကျနော်တို့က ကော်ဖီက ကောင်းတယ်။ ပြဿနာကတော့ တရုတ်ကကျတော့ ဈေးနည်းနည်း သက်သာတဲ့ဟာ လိုချင်တာပေါ့။ ကျနော်တို့ကော်ဖီက လက်ရှိက ဈေးများနေတာပေါ့။ ကျနော် တို့က ကော်ဖီ အရည်အသွေးကတော့ သူက ကြိုက်တယ်။ ဈေးများနေတဲ့ဟာကို ပြင်ရမယ်။ ပိုထွက်အောင် လုပ်ရ မယ်ပေါ့နော်။ အဲဒါပါပဲ။ ကျန်တာတော့ ကျနော်တို့ ကော်ဖီအထွက်က နည်းနည်း အထွက်နည်းနေတာ အဲဒီလို ဖြစ် နေတာ။ အရည်အသွေးအရ ကမ္ဘာ့ပေါက်ဈေးထက် နည်းနည်း ပိုနေတာပေါ့နော်။ ကမ္ဘာ့ကော်ဖီဈေးထက် များနေ တာပေါ့နော်။ များနေတယ်ဆိုတာ အရည်အသွေးကြောင့်ပေါ့လေ။ အခုကတော့ ဥရောပ၊ ဂျပန်၊ အမေရိကားပေါ့ ကျနော်တို့ကော်ဖီက ဈေးကောင်းတဲ့အတွက် ဈေးပိုပေးတာပေါ့နော်။ အဲဒီ ဈေးနှုန်း ပြဿနာလေးပဲပေါ့။ တရုတ် ကတော့ သူတို့ အရာဝင်တဲ့ ဈေးနဲ့ဆိုရင် အများကြီးဝယ်မှာ။ အခက်အခဲကတော့ ကျနော်တို့ ဈေးပိုရအောင် အတွက် ကျနော်တို့က အထွက်ပိုထွက်အောင် လုပ်ရမှာပေါ့။ နံပါတ်နှစ်က ကျနော်တို့ ကမ္ဘာ့ကော်ဖီဈေးရဲ့ နှုန်းကို ရောင်းနိုင်အောင်လို့ ကျနော်တို့က လုပ်ရမှာပေါ့နော်” ဟု ပြောသည်။
မြန်မာ့ကော်ဖီကို ရှမ်းပြည်နယ်၌ ရွာငံ၊ ပင်လောင်း၊ ဟိုပုံး၊ နောင်ချိုတို့တွင် အများဆုံး စိုက်ပျိုးပြီး ပြင်ဦးလွင်နှင့် သံတောင်ကြီး၊ ချင်းပြည်နယ်နှင့် တခြားသော မြေပြန့်ဒေသနှင့် တောင်ပေါ်ဒေသ တချို့တွင်လည်း စိုက်ပျိုးမှု ရှိသည်။
မြန်မာ့ကော်ဖီကို ထိုင်း၊ တရုတ်၊ ဘယ်လ်ဂျီယံ၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့ကို တင်ပို့လျက်ရှိနေသည်။
သို့သော် ၂၀၂၃ ခုနှစ်မှစတင်၍ တင်ပို့မှုသည် တဖြည်းဖြည်း ကျဆင်းလာခဲ့ရာ ၂၀၂၅ ခုနှစ်တွင် ပြည်ပသို့ ကော်ဖီတန်ချိန် ၁၅၀၀ ခန့်သာ တင်ပို့ထားနိုင်ခဲ့သည်။
လက်ရှိ ကော်ဖီထုတ်လုပ်မှုအတွက် လိုအပ်သည့် စက်ကိရိယာ တင်သွင်းခွင့် မရခြင်း၊ ကော်ဖီစိုက်ပျိုးဒေသ များတွင် နယ်မြေ မတည်ငြိမ်ခြင်းနှင့် ပို့ကုန်ရငွေများကို သွင်းကုန်သမားများအတွက် ရောင်းချပေးနေရခြင်း တို့ကြောင့် ၂၀၂၆ ခုနှစ်၌ ကော်ဖီတန်ချိန် ၁၀၀၀ ခန့်သာ ထုတ်လုပ်နိုင်ပြီး ပြည်ပသို့ ကော်ဖီတန်ချိန် ၅၀၀ ခန့်သာ တင်ပို့နိုင်မည်ဟု မြန်မာနိုင်ငံကော်ဖီအသင်းက ခန့်မှန်းထားသည်။